မြန်မာ့ရိုးရာ အယူတော်မင်္ဂလာနည်းများဖြစ်သော
အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါ စသည့်တို့နှင့်
မြန်မာနိုင်ငံအရေးတို့ကို
ထောက်ရှုသုံးသပ်ခြင်း
မြန်မာလူမျိုးတို့သည်
ရှေးအစဉ်အဆက်ဆက်မှ ယနေ့တိုင်အသုံးပြုလျှက်ရှိသော
အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါ
စသောအယူတော်မင်္ဂလာနည်းများဖြင့် ယနေ့မြန်မာနိုင်ငံအရေး၊ အနာဂါတ် မြန်မာနိုင်ငံအရေး၊
မြန်မာလူမျိုးတို့အရေး၊ မြန်မာ့ခေါင်းဆောင်များအရေး စသည်တို့ကို အကောင်း အဆိုး ဝေဖန်ထောက်ရှုပြီး
လောကီဆရာမြတ်များ အဟောထုတ်ကြပေသည်။
ကျွန်ုပ်သည် ပထမဦးစွာ အတိတ်၊ နိမတ်၊ တဘောင်၊ စနည်း၊ ဘဝေါ ဆိုတာတွေဟာ မည်သည့်ကိစ္စတွေကို အကြောင်းပြုပြီး ဆင်ခြင်သုံးသပ်ကြသည်ကို အနည်းငယ်ရှင်းလင်းရေးသား လိုပါသည်။
အတိတ် - အတိတ်ဆိုသည်မှာ ရရှိလာသည့် ပစ္စည်းတစ်ခုကို အကြောင်းပြုပြီး ဤပစ္စည်းရရှိလာခြင်းသည် မိမိအတွက်၊ လူမျိုးအတွက်၊ နိုင်ငံအတွက် ဘယ်လိုအကောင်းတွေ အဆိုးတွေကို ကြုံတွေ့ရနိုင်သည်ကို ဝေဖန် ထောက်ရှုပြီး ဟောပြောရသော အတတ်ပညာကို အတိတ် ဟုခေါ်သည်။
နိမိတ် - နိမိတ်ဆိုသည်မှာ မြင်တွေ့လာသည့် မြင်သိမှုကိုအကြောင်းပြုပြီး မိမိအတွက်၊ လူမျိုး အတွက်၊ နိုင်ငံအတွက် ဘယ်လို အကောင်းတွေ အဆိုးတွေကို ကြုံတွေ့ရနိုင်သည် ကို ဝေဖန်ထောက်ရှုပြီး ဟောပြောရသော အတတ်ပညာကို နိမိတ် ဟုခေါ်သည်။
တဘောင် - တဘောင်ဆိုသည်မှာ သဘင်သည်များ၏စကား၊ ကလေးများ၏စကား၊ သူရှုးများ၏ စကား၊ တေးသီချင်များ၏ စာသားနှင့်အသံများကို အကြောင်းပြုပြီး မိမိအတွက်၊ လူမျိုးအတွက်၊
နိုင်ငံအတွက် ဘယ်လို
အကောင်းတွေ အဆိုးတွေကို ကြုံတွေ့ရနိုင်သည် ကို ဝေဖန်ထောက်ရှုပြီး ဟောပြောရသော အတတ်ပညာကို
တဘောင် ဟုခေါ်သည်။
စနည်း - စနည်းဆိုသည်မှာ နတ်များ၊ အထက်ပုဂ္ဂိုလ်များ၊ ၀ိဇ္ဇာဇော်ဂျီများကို တိုင်တည်ပြီး၎င်းတို့ထံမှ
သိရှိလာသော အကြောင်းအရာများနှင့် လူတစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ပြောဆိုနေ ကြသည့်
စကားများကို ကြားလာသူမှတစ်ဆင့် ပြန်ပြောလာခြင်းအပေါ်မှာ အကြောင်းပြုပြီး မိမိအတွက်၊
လူမျိုးအတွက်၊ နိုင်ငံအတွက် ဘယ်လို အကောင်းတွေ အဆိုးတွေကို ကြုံတွေ့ရနိုင်သည်ကို
ဝေဖန်ထောက်ရှုပြီး
ဟောပြောရသော အတတ် ပညာကို စနည်း ဟုခေါ်သည်။
ဘဝေါ - ဘဝေါဆိုသည်မှာ နေကြတ်ခြင်း၊ လကြတ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊မီးလောင်ခြင်း၊
မုန်တိုင်းတိုက်ခြင်းတို့နှင့် သဘာဝတရားကြီး၏ ဖောက်လွဲဖောက်ပြန်မှုများကို
အကြောင်းပြုပြီး မိမိအတွက်၊ လူမျိုးအတွက် နိုင်ငံအတွက် ဘယ်လို အကောင်းတွေ အဆိုးတွေကို
ကြုံတွေ့ရနိုင်သည်ကို
ဝေဖန်ထောက်ရှုပြီး ဟောပြောရ သော အတတ်ပညာကို ဘဝေါ ဟုခေါ်သည်။
No comments:
Post a Comment